တစ်ကိုယ်ရည်သန့်ရှင်းရေးကောင်းရင် တုပ်ကွေးကို ကာကွယ်နိုင်သလား
တုပ်ကွေးဆိုတာက ကြီးကြီးငယ်ငယ် ဘယ်သူမဆို ခံစားရနိုင်တဲ့ အဖျားရောဂါ တစ်မျိုးပါ။ ဒီလိုဆိုတာနဲ့ မိုးဦးကာလမှာ လူတိုင်း တုပ်ကွေးဖြစ်မယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ တုပ်ကွေးက အသက်ရှူလမ်းကြောင်းရောဂါဖြစ်တာမို့ လူတိုင်းက နည်းလမ်းအမျိုးမျိုးနဲ့ ကာကွယ်ကြလေ့ရှိပါတယ်။ လူအများစုက ကြီးကြီးမားမား နည်းလမ်းတွေကိုလျှောက်တွေးနေကြ၊ လုပ်နေကြပေမယ့် လူတွေမေ့နေကြတာကတော့ ကူးစက်ရောဂါပီပီ တစ်ကိုယ်ရည်သန့်ရှင်းရေးနည်းလမ်းတွေနဲ့လည်း လွယ်လင့်တကူ ကာကွယ်လို့ ရနိုင်တယ်ဆိုတဲ့ အချက်ကိုပါပဲ။
ဒီကာလမှာ လိုက်နာသင့်တဲ့ အချက်လေးတွေကို လိုက်နာပေးမယ်ဆိုရင် တုပ်ကွေးဖြစ်နိုင်ခြေကို အတိုင်းအတာ တစ်ခု အထိ လျှော့ချပေးနိုင်မှာပါ။ ဒီတော့ တုပ်ကွေးရာသီမှာ မဖျားမနာချင်ဘူး ဆိုသူတွေအတွက် ကြီးကြီးငယ်ငယ် လိုက်နာလို့ ရမယ့် တုပ်ကွေးရာသီမှာ လိုက်နာဖွယ်ရာ တစ်ကိုယ်ရည်သန့်ရှင်းရေး နည်းလမ်းလေးတွေကို ပြောပြပေးလိုက်ရပါတယ်။
လက်ဆေးပါ
လက်ဆေးတာက တုပ်ကွေး အပါအဝင် အမျိုးမျိုးသော အဖျားရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အပြင်က ပြန်လာတိုင်း၊ အစားမစာခင်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်းမှာ ရေနဲ့ ဆပ်ပြာသုံးလို့ လက်ကို သေချာလေး ဆေးကြောပေးပါ။
ပါးစပ်နဲ့ နှာခေါင်းကို အုပ်ပြီး နှာချေ ချောင်းဆိုးပါ
နှာချေချောင်းဆိုးတိုင်းမှာ ပါးစပ်နဲ့ နှာခေါင်းကို တစ်သျှူးစ ဒါမှမဟုတ် တံတောင်ဆစ်နဲ့ အုပ်လို့ နှာချေ ချောင်းဆိုးတာက အခြားသူတွေဆီ အဖျားမကူးစက်စေဖို့ရော ရောဂါပိုးတွေ မကူးစက်စေဖို့ပါ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် နှာချေချောင်းဆိုးရင် သတိထားပါ။
အပြင်ထွက်မယ်ဆို Mask တပ်ပါ
Mask တပ်တာက အသက်ရှူလမ်းကြောင်း ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အပြင်ထွက်မယ်ဆိုရင် Mask တပ်ပြီးမှ သွားပေးပါ။ အခုချိန်ထိ ကိုဗစ်ကူးစက်မှုတွေ ရှိနေဆဲမို့ သတိထားတာ အကောင်းဆုံးပါ။
အသုံးအဆောင်တွေကို ပုံမှန် ပိုးသတ်ပါ
အသုံးအဆောင်တွေကို ရေနဲ့ အရက်ပြန်ရောစပ်လို့ ပုံမှန်လေး ပိုးသတ် သန့်စင်ပေးပါ။ ဒီလို သန့်စင်ပေးတာက တုပ်ကွေး၊ ကိုဗစ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်မှာပါ။
ဖျားနာနေသူတွေနဲ့ အနီးကပ် ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ပါ
ဖျားနေတဲ့ သူနဲ့ အနီးကပ် တိုက်ရိုက်ထိတွေ့မှုက ဖျားနာတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဖျားနာသူနဲ့ အနီးကပ် ထိတွေ့တာကို တတ်နိုင်သမျှ ရှောင်ပါ။ မဖြစ်မနေ ထိတွေ့ရမယ်ဆိုရင်လည်း မတ်ခ်တပ်ပါ။ ထိတွေ့ပြီးတိုင်းမှာ လက်ဆေးတာလိုမျိုး လုပ်ပေးပါ။
အစားအစာ သန့်ရှင်းရေး ဂရုစိုက်ပါ
တုပ်ကွေး ရာသီမှာ တုပ်ကွေး အပါအဝင် အမျိုးမျိုးသော အဖျားရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် ကိုယ်ခံအား ကောင်းဖို့ အရေးကြီးပါတယ်။ ကိုယ်ခံအား ကောင်းစေဖို့ဆိုရာမှာ အရေးအကြီးဆုံးက အာဟာရ ပြည့်ဝအောင် စားသောက်ဖို့ပါ။ ဒါကြောင့် အာဟာရပြည့်ဝအောင် စားသောက်တဲ့ အစားအသောက်တွေကြောင့် ထိခိုက်မှု ကင်းစေဖို့ အစားအစာ သန့်ရှင်းရေးကို ဂရုစိုက်ပါ။
မျက်နှာကို လက်နဲ့ ခဏခဏ မကိုင်ပါနဲ့
မျက်နှာကို လက်နဲ့ ခဏခဏ ကိုင်တာက မျက်လုံး၊ ပါးစပ်၊ နှာခေါင်းတို့ကနေတဆင့် ရောဂါပိုးတွေ ဝင်ရောက်ပြီး ဖျားနာတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို လက်နဲ့ ခဏခဏ ထိတွေ့ကိုင်တွယ်တာမျိုး မလုပ်ပါနဲ့။
ဒီလို အလေ့အထလေးတွေအပြင် ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ပေးတာ၊ အိပ်ရေးဝဝ အိပ်တာ၊ ကာကွယ်ဆေး ထိုးတာလိုမျိုး အလေ့အထလေးတွေကိုပါ သေချာ လိုက်နာပေးမယ်ဆိုရင် တုပ်ကွေးရာသီမှာ သူများ တုပ်ကွေး ဖြစ်တိုင်း ကိုယ်က လိုက်ဖြစ်နေမှုကနေ ကင်းဝေးနိုင်မှာပါ။
မွန်မွန်